admin@blazonmyanmar.com +959969924479

ကလေးများ မိမိကိုယ်ကိုယုံကြည်မှုနှင့် လေးစားမှု တိုးတက်လာစေမယ့် နည်းလမ်းများ

မိဘများအနေဖြင့် ကလေးကိုအမြဲချီးမွမ်းနေခြင်းက ကလေးငယ်တို့အတွက်ကောင်းကျိုးထက် ဆိုးကျိုးပိုသက်ရောက်စေပါသည်။ အခုဖော်ပြပေးသွားမယ့်အချက်လေးတွေကတော့ ကလေးများရဲ့ မိမိကိုယ်ကိုယုံကြည်မှု၊ တန်ဖိုးထားမှုတို့ကို မြှင့်တင်ပေးမယ့် အချက်လေးတွေပဲ ဖြစ်ပါတယ်

၁။ ကလေးများကိုအပြင်လောကကြီးနဲ့ရင်းနှီးလာအောင်အရင်သင်ပေးပါ။ အပြင်မှာဘယ်လောက်ခက်ခဲကြောင်းရှင်းပြပါ။ ပြဿနာပေါ်လာလျှင် ကလေးငယ်တို့သူတို့ကိုယ်တိုင်စွန့်စားပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အခက်အခဲကိုဖြေရှင်းနိုင်အောင်သင်ကြားပေးပါ။

၂။ ကလေးကို လိုတာထက်ပိုပြီး ချီးမွမ်းခြင်းဟာ ကလေးငယ်တို့အတွက်ကောင်းကျိုးထပ် ဆိုးကျိုးပိုသက်ရောက်စေပါသည်။ ကလေးကအမြဲချီးမွမ်းခံရတဲ့အတွက်ကြောင့် သူအခုလုပ်နေတာဟာ သူအကောင်းဆုံးလုပ်နိုင်တာလို့ သတ်မှတ်ပြီး ထပ်ပြီးကြိုးစားမယ်ဆိုတဲ့စိတ်ကိုပျောက်စေပါတယ်။ အမှားလုပ်ပြီး ပြန်ကြိုးစားခြင်းကသာ ကလေးငယ်တို့ရဲ့ မိမိကိုယ်ကိုယုံကြည်မှုကို မြှင့်တင်စေမှာဖြစ်ပါတယ်။

၃။ ကလေးကိုကောင်းမွန်တဲ့စွန့်စားမှုများပေးလုပ်ပါ။ မိဘများအနေနဲ့ ကလေးတွေအတွက်လမ်းညွှန်နေရာအဖြစ်နဲ့ပဲနေပေးပါ၊ မလိုအပ်ပဲအကာအကွယ်ပေးသူနေရာမနေပါနဲ့။ ဘယ်လောက်ကြောက်ဖို့ကောင်းပါစေ ကလေးများကိုဘဝကြီးနဲ့တွေ့ကြုံခံစားခွင့်ပြုပါ။

၄။ ကလေးများကို သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်ပေးပါ။ သူတို့ကိုယ်တိုင်ရွေးချယ်မှု၊ ဆုံးဖြတ်ချက် ပြုလုပ်တဲ့အခါ မိမိကိုယ်ကို ပိုမိုလေးစားလာစေပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်အနောက်မှာ ဘယ်လိုကောင်းကျိုး ဆိုးကျိုးတွေရှိတယ်ဆိုတာ စဉ်းစားတွေးခေါ်တတ်လာစေပါတယ်။

၅။ ကလေးများကိုအိမ်မှုကိစ္စများဝိုင်းလုပ်ခိုင်းပါ။ သူတို့အသက်အရွယ်အလိုက် သင့်လျော်သောတာဝန်များကိုပေးကမ်းခြင်းသည် တာဝန်ယူတတ်တဲ့စိတ်ကိုနှိုးဆွစေပြီး တာဝန်တစ်ခုပြီးတိုင်း အောင်မြင်မှုဆိုတဲ့ရလဒ်ကိုခံစားရစေသည်။ ဒါကြောင့်ငယ်တဲ့အရွယ်ထဲကစပြီး ကလေးတွေကို ထမင်းစားပွဲကူပြင်ခိုင်းခြင်း အိပ်ရာကူသိမ်းခိုင်းခြင်း သန့်ရှင်းရေးကူလုပ်ခိုင်းခြင်း အစရှိတဲ့ အိမ်မှုကိစ္စငယ်တွေပေးခြင်းက သူတို့ကိုယ်သူတို့ယုံကြည်မှုတိုးလာစေပါတယ်။

၆။ ကလေးများစိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကို အဆုံးအထိပြီးအောင်တိုက်တွန်းပါ။ သူတို့ကိုယ်တိုင်စိတ်ဝင်စားတဲ့အရာတစ်ခုကို ပြီးဆုံးတဲ့အထိလုပ်နိုင်ခြင်းက အောင်မြင်ခြင်းရဲ့ခံစားချက်ကိုရရှိစေပြီး မိမိကိုယ်ကိုယုံကြည်မှုကိုတိုးမြှင့်ပေးစေပါတယ်။

၇။ မိဘတော်တော်များများက ကလေးအခက်အခဲများကြုံတွေ့ခြင်းက ကလေးကိုနာကျင်စေတယ်ဆိုတဲ့အတွေးရှိကြပါတယ်။ တကယ်တော့ အခက်အခဲများရှိခြင်းက ကလေးအတွက် ယုံကြည်မှုကိုတိုးတက်စေတဲ့ အလေ့အကျင့်များများရစေခြင်းဖြစ်ပါတယ်။

၈။ ကလေးတွေကိုသူတို့အမှားလုပ်လဲ ကြိုးစားမှုအတွက်ချီးမွမ်းပြီး ချွင်းချက်မရှိချစ်ပါသေးတယ်ဆိုတာသိပါစေ။ အမြဲတမ်းလုပ်ဆောင်ချက်ကောင်းမှ ​ချစ်တယ်​ တော်တယ်ပြောခြင်းက ကလေးငယ်တို့ကို စိတ်ထိခိုက်မှုဖြစ်စေပါတယ်။

၉။ သူတို့ကို မသိမသာချီးမွန်းမှုများပြုလုပ်ပေးပါ။ ကလေးတွေ မိမိချမှတ်ထားပေးတဲ့အလုပ်ကိုအောင်မြင်စွာပြီးအောင်လုပ်တဲ့အခါ တစ်ခုခုပေးခြင်းချီးမွန်းနိုင်ပါတယ်။ သူတို့ကိုယ်ပိုင်ကြိုးစားပြီးရတဲ့ပစ္စည်းဆို ပိုပြီးတန်ဖိုးထားတတ်ပြီး မိမိအရည်အချင်းကိုတန်ဖိုးထားတတ်လာစေပါတယ်။