ကလေးငယ်များသည် ကြီးမားသောစိတ်ခံစားချက်များ ခံစားတတ်ကြသည်။ ကလေးများတစ်ခုခုလိုချင်တဲ့အခါ ငိုပြီး ခံစားချက်ထုတ်ဖော်ပြတဲ့အခါ မိဘတိုင်းအတွက် ဖြေရှင်းရခက်တဲ့အရာဖြစ်ပါတယ်။ ဒီလိုကလေးခံစားချက်ထုတ်ဖော်ပြခြင်းဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ သူတို့ကိုယ်တိုင် ခံစားချက်ကို ကိုင်တွယ်နိုင်ခြင်းသည် အသက်ကြီးလာတဲ့တလျှောက် လူမှုဆက်ဆံရေး၊ ကျောင်းတက်တဲ့အခါ နှင့် လူနေမှုဘဝတွင် အောင်မြင်မှုအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
အဲ့ဒီအတွက် ကလေးတွေကို အသက်အရွယ်အလိုက် သူတို့ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုကိုယ်တွယ်ရမလဲဆိုတာကို မိဘတွေအနေနဲ့ ဘယ်လိုနည်းလမ်းပြပေးလို့ရမလဲ?
အသက် ၁ နှစ်အောက် ကလေးများ၊ မွေးကင်းစကလေးများသည် စိတ်ခံစားချက်နဲ့ လိုအပ်ချက်များစွာ ထုတ်ဖော်ပြတဲ့အရွယ်ဖြစ်ပါတယ်။ နို့တိုက်ကျွေးရန် (သို့) Diaper ပြောင်းလဲရန်လိုအပ်သည်တို့ကို ခဏခဏတောင်းဆိုကြတတ်ပါတယ်။ ကလေးများအနေနဲ့ ဒီအဆင်မပြေမှုများကို အမြန်မဖြေရှင်းပေးတဲ့အခါ စိတ်အနှောက်အယှက်ဖြစ်ပြီး ငိုတတ်ကြပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘများအနေနဲ့ ကလေးအနား အမြန်ဆုံးနေပေးပြီး ချော့ခြင်းဟာ ကလေးကိုလုံခြုံသွားပြီဆိုတဲ့ စိတ်ခံစားချက်ဖြစ်ပေါ်စေပါတယ်။ သူတို့ကိုချော့တဲ့အခါ “ဖေဖေမေမေ အနားမှာရှိတယ်” လို့ပြောပေးခြင်းဟာလဲ ကလေးအတွက် လုံခြုံတယ်ဆိုတဲ့ခံစားချက်ကို ခံစားစေရပါတယ်။
အသက် ၁ နှစ်နဲ့ ၂နှစ်ကြား ကလေးများကတော့ လိုအပ်ချက်တွေပိုများလာမှာပါ။ သူတို့အရွယ်လေးတွေဟာ ငြိမ်ငြိမ်နေရတာကို မကြိုက်ပါဘူး။ ဘေးဘက်အကာတွေပါတဲ့ ကလေးအိပ်ရာထဲထည့်ထားတာတို့ ပုခက်ပေါ်မှာ အကြာကြီးထည့်ထားတာတို့ဆို သူတို့အတွက် နေရတာမွန်းကြပ်ပြီး စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ သူတို့ပျော်အောင်လို့ လက်ကိုင်တွန်းလှည်းဖြစ်ဖြစ် ကလေးကစားစရာလေးများဖြစ်ဖြစ်တို့နဲ့ ပေးဆော့ထားခြင်းဟာ စိတ်ပျော်ရွှင်မှုရစေပါတယ်။
အသက် ၂ နှစ်နဲ့ ၃ နှစ်ကြားကတော့ စကားစတင်နားလည်လာတဲ့အရွယ်လေးတွေ ဖြစ်လာပါပြီ။ သူငယ်ချင်းဖြစ်ဖြစ် ညီအကိုမောင်နှမတွေကြားဖြစ်ဖြစ် မတရားဆက်ဆံခံရသည်ဟုခံစားရပါက စိတ်အလိုမကျဖြစ်လာနိုင်ပါတယ်။ စိတ်အနှောက်အယှက်ဖြစ်တဲ့အခါ အော်ဟစ်ပြောဆိုတတ်လာကြပါပြီ။ အဲ့လိုမဖြစ်အောင် မိဘများအနေနဲ့ သူတို့ခံစားချက်ကို နားထောင်ပေးပါ။ သူများကို အော်ပြောခြင်းဟာ တစ်ဖက်လူကို နာကျင်စေတယ်ဆိုတာ ကလေးကိုနားလည်အောင် သေချာရှင်းပြပါ။ နောင်မဖြစ်အောင် သင်ပြပေးပါ။
မိမိကလေးရဲ့ ခံစားချက်လေးကို ဖော်ပြပေးနိုင်ဖို့ အကူအညီဖြစ်စေမယ့် မျက်နှာအမူအရာ နဲ့ စာသားလေး (ပျော်ရွှင်၊ ဝမ်းနည်း အစရှိတဲ့) ပါတဲ့ Feelings Chart လေးကို ကလေးနှင့်အတူ ဆွဲပါ။ ဆွဲနေရင်း ခံစားချက်လေးတွေနဲ့ အဘယ်ကြောင့် ဒီလိုခံစားချက်မျိုး ဖြစ်ပေါ်တတ်တယ် ဆိုတဲ့အကြောင်းလေးကို ပြောပြပါ။ နောက်တခါ သင့်ကလေးအနေဖြင့် သူ့ရဲ့ခံစားချက်လေး ထုတ်ဖော်ပြောပြနိုင်ဖို့ အခက်အခဲရှိတဲ့အခါ အဲ့ဒီဆွဲထားတဲ့ Feelings Chart ထဲက သူ လက်ရှိခံစားချက်လေးကို ညွှန်ပြခိုင်းလိုက်ပါ။