admin@blazonmyanmar.com +959969924479

မိမိရင်သွေးလေးနဲ့ သင့်လျော်မယ့်ဖိနပ်ကို ဘယ်လိုရွေးချယ်မလဲ

မိဘတွေအနေနဲ့ မိမိချစ်ခင်ရတဲ့ရင်သွေးလေးကိုအရိပ်တကြည့်ကြည့်နဲ့ အမြဲစိုးရိမ်ပူပန်နေကြမှာပါ။ အစား အသောက်၊ အနေအထိုင်ကအစ ရင်သွေးလေးကျန်းမာပျော်ရွှင်ဖို့ ဘာမဆိုဖြည့်ဆည်းပေးချင်ကြတာ မိဘတိုင်းရဲ့မေတ္တာပါ။ ကလေးလေး လမ်းလျှောက်တတ်လာပြီဆိုရင်ဝမ်းသာပျော်ရွှင်ရပေမယ့် တခါတခါထိခိုက်မိမှာ၊ ချော်လဲမှာကိုလဲ စိုးရိမ်ပူပန်ကြရပါတယ်။ ကလေးလေးရဲ့နုနယ်တဲ့ခြေဖဝါးလေးတွေ၊ခြေချောင်းလေးတွေ ထိခိုက်မိမှာ စိုး ရိမ်ပူပန်ကြတဲ့မိဘတွေအတွက် မိမိရင်သွေးလေးနဲ့သင့်လျော်မယ့်ဖိနပ်တွေကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။

ပထမဦးဆုံးမိဘတွေသိချင်ကြတဲ့မေးခွန်းက ဘယ်အချိန်မှာ ကလေးကို ဖိနပ်စီးပေးရမလဲဆိုတာပါပဲ။ လသားလေးတွေကို အပြင်ထွက်ရင်အေးမှာစိုးလို့ ခြေအိတ်လေးတွေ၊ခေါင်းစွပ်လေးတွေ စွပ်ပေးကြပါတယ်။ ခြေထောက်ကို ရှူးဖိနပ်လေးတွေလဲစွပ်ပေးကြပါတယ်။ ကလေးလမ်းလျှောက်တတ်ပြီဆို ကလေးဖိနပ်လေးတွေ စဆင်ပေးကြပါတယ်။ နင်းလိုက်တိုင်း အသံမြည်တဲ့ဖိနပ်လေးတွေကို ကလေးတွေသဘောကြသလို အရုပ်ကလေးတွေ၊ ကာတွန်းပုံလေးတွေပါတဲ့ဖိနပ်လေးတွေကိုလဲ ကလေးတွေနှစ်သက်ကြပါတယ်။ ဒီဇိုင်းထက် ဖိနပ်ဆိုတာ ကလေးလေးရဲ့ခြေချောင်းလေးတွေနဲ့ ခြေဖဝါးလေးတွေမထိခိုက်အောင် ကာကွယ်ပေးနိုင်ဖို့အဓိကပါ။

ဒုတိယမေးခွန်းကဘယ်လိုဖိနပ်ကိုရွေးချယ်ရမလဲ။

ကလေးငယ်လေးတွေအတွက် လမ်းလျှောက်တဲ့အခါ အလွယ်တကူကျွတ်မထွက်နိုင်တဲ့ဖိနပ်ကိုရွေးချယ်ပါ။ ဥပမာ - ခြေကျင်းဝတ်ထိ မြဲနေစေမယ့် ရှူးဖိနပ်မျိုး၊ ကြိုးသိုင်းဖိနပ်မျိုး၊ ကပ်ခွာတွေနဲ့ ခြေကျင်းဝတ်ထိထိန်းထားပေမယ့် slipper လိုမျိုးစတာတွေ ရွေးချယ်ပါ။ 

ဖိနပ်ခုံအထူအပါးထက် ကလေးလမ်းလျှောက်ရင် သက်သောင့်သက်သာရှိစေမယ့်ဖိနပ်ကို ရွေးချယ်ပေးပါ။ အချို့တွေက ရှူးဖိနပ်တွေဟာ ကလေးငယ်လေးတွေအတွက် ပိုပြီးကောင်းမွန်မယ်လို့ယူဆကြပါတယ်။ ကလေးရဲ့ခြေချောင်းလေးတွေ၊ ကြွက်သားတွေသန်မာမှုကို ပိုပြီးအထောက်အကူပြုစေမယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ကလေးရဲ့ခြေချောင်းလေးတွေ ၊အရိုးတွေ၊ ကြွက်သားတွေဟာ ပုံမှန်သဘာဝအတိုင်းဖွံ့ဖြိုးပါတယ်။ မည်သည့်အထောက်အကူပစ္စည်းမှ ပံ့ပိုးပေးဖို့မလိုပါဘူး။ ကလေးတွေဟာ ကြီးထွားမှုမြန်ဆန်ပါတယ်။ သူတို့ခြေထောက်တွေဟာ အသက်၁နှစ်ခွဲမပြည့်ခင်ထိ ၂လကိုတခါ အရင်ဖိနပ်အရွယ်အစားရဲ့တဝက်ထက် ပိုကြီးလာပါတယ်။ လမ်းကောင်းကောင်းလျှောက်နိုင်တဲ့အရွယ်ဆိုရင် ၃လတခါ အရင်ဖိနပ်အရွယ်ရဲ့တဝက် လောက်ပိုကြီးလာပါတယ်။ ၃နှစ်အရွယ်ကစလို့ ကလေးရဲ့ခြေထောက်တွေဟာ နှစ်တိုင်း အရင်ဖိနပ်အရွယ်အစားရဲ့ နှစ်ဆနီးပါး ပိုကြီးလာပါတယ်။ ဒါကြောင့် ကလေးဖိနပ်တွေဝယ်တဲ့အခါ ကလေးခြေထောက်နဲ့ တော်၊မတော် သတိပြုပါ။

ကလေးဖိနပ်တွေဝယ်ယူမယ်ဆိုရင် ဒီသုံးချက်ကို ထည့်သွင်းစဉ်းစားပါ။

  • ပထမအချက်က ကလေးရဲ့ခြေချောင်းနဲ့ ခြေဖဝါးလေးတွေကို ကာကွယ်ပေးနိုင်ရပါမယ်။
  • ဒုတိယ ချော်မလဲအောင် ထိန်းပေးနိုင်ရပါမယ်။
  • တတိယ ကလေးအတွက် သက်သောင့်သက်သာဖြစ်ရပါမယ်။

အကျယ်ပြောရရင်တော့ ဖိနပ်ဟာ ကလေးလမ်းလျှောက်တဲ့အခါ၊ ပြေးတဲ့အခါ ခြေကျင်းဝတ်အားနဲ့ ချော်မလဲအောင် ထိန်းထားပေးနိုင်ရပါမယ်။ ရှူးဖိနပ်တွေဆိုရင် ခြေချောင်းတွေ ကျပ်မနေစေရပါဘူး။ အထူးသဖြင့် ကလေးမတ်တပ်ရပ်နေတဲ့အခါ အရှည်ဆုံးခြေချောင်းနဲ့ ရှူးဖိနပ်ထိပ်ဟာ ၁လက်မခန့်ကွာနေသင့်ပါတယ်။ ဖိနပ်စီးသွားတဲ့အခါ ခြေချောင်းထိပ်နဲ့ ရှူးဖိနပ်ထိပ်ဟာ ၅မီလီမီတာ အနည်းဆုံးကွာနေသင့်ပါတယ်။ လေဝင်လေထွက်ကောင်းတဲ့ ကြိုးသိုင်းဖိနပ်လေးတွေ၊ ခြေချောင်းရာလေးတွေပါတဲ့ဖိနပ်အမျိုးအစားဆို ပိုသင့်လျော်ပါတယ်။ 

အထူးစီမံထားတဲ့ဖိနပ်တွေ လိုအပ်ပါသလား?

အများအားဖြင့်မလိုအပ်ပါဘူး။ ခြေဖဝါးနဲ့ခြေချောင်းလေးတွေ ပုံမှန်ဖွံ့ဖြိုးနေတဲ့ကလေးတွေအတွက် အထူးပြုလုပ်ထားတဲ့ဖိနပ်တွေ မလိုပါဘူး။ ဒါပေမယ့် တခါတရံမှာ ဖွံ့ဖြိုးမှုမမှန်တဲ့ကလေးတွေအတွက်အထူးပြုလုပ်ထားတဲ့ဖိနပ်တွေ လိုကောင်းလိုပါလိမ့်မယ်။ ဒါကလဲအနည်းစုပါ။

ခြေဖဝါးဟာ သေချာကြည့်ရင် ခုံးခုံးလေးပါ။ ခြေဖနောင့်နဲ့ခြေချောင်းလေးတွေမှာ အားပိုသက်ရောက်အောင် လမ်းလျှောက်ရအဆင်ပြေအောင် သဘာဝကဖန်တီးထားတာပါ။ တခါတခါဖွံ့ဖြိုးမှုမမှန်တဲ့အခါ ခြေဖဝါးလေးက ခုံးမလာတတ်ပါဘူး။ အဲ့ဒါကို Flat Foot လို့ခေါ်ပါတယ်။ အဲ့လိုခြေဖဝါးတွေအတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ဖိနပ်တွေ ရှိပါ တယ်။ သူကခြေဖဝါးကို ပုံမှန်အတိုင်းဖြစ်လာအောင် ကူညီပေးပါတယ်။ ပုံမှန်အားဖြင့် ကလေးရဲ့ခြေဖဝါးဟာ အသက်၆နှစ်အထိ ပုံမှန်အနေအထားအတိုင်းဖွံ့ဖြိုးပါတယ်။ ၁နှစ်ခွဲအောက်ကလေးတွေမှာ ခြေဖဝါးဟာ ခုံးခုံးလေးဖြစ်မနေပါဘူး။ ဒါဟာပုံမှန်ပါ။ အချို့ကလေးတွေဆို ၁၀နှစ်လောက်အထိ ခြေဖဝါးဟာ ခုံးခုံးလေးဖြစ်မနေပါဘူး။ ပုံမှန်လမ်းလျှောက်နိုင်တယ်၊ နာတာ၊ ကျင်တာမရှိရင် စိုးရိမ်ဖို့မလိုပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့အခါ နာတာ၊ ပုံမှန်လမ်းမလျှောက်နိုင်တာမျိုးဆို ဆရာဝန်နဲ့ပြဖို့ လိုအပ်ပါတယ်။

နောက်တစ်ခုကတော့ ခြေချောင်းလေးတွေ ဖွံ့ဖြိုးမှုပါ။ ပုံမှန်ဆိုရင် ခြေချောင်းလေးတွေဟာ ကလေးပြေးတဲ့အခါ၊ လမ်းလျှောက်တဲ့အခါ ရှေ့တည့်တည့်ကိုပဲ ဦးတည်ပါတယ်။ တခါတခါ အဲ့လိုမဟုတ်ဘဲ ခြေဖဝါးအောက်ကို ကွေးသွားတတ်ပါတယ်။ ဒါဟာကလေးအများစုမှာ ပုံမှန်ပါ။ ကလေး တဖြည်းဖြည်းကြီးလာတဲ့အခါ ပျောက်သွားပါလိမ့်မယ်။ ဒီအတွက်ကြောင့် အထူးစီမံထားတဲ့ဖိနပ်တွေမလိုအပ်ပါဘူး။

ဒီလောက်ဆို ကလေးမိဘတွေအနေနဲ့ မိမိကလေးအတွက် ဖိနပ်တွေရွေးချယ်ဝယ်ယူဖို့ ဗဟုသုတတွေရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။